Menu Back Arrow Back
ဝန်ထမ်းအင်အားလျှော့ချမှုအစီအမံမှာ ဆုံးရှုံးနိုင်ချေအနည်းဆုံးနဲ့ လုပ်ငန်းအတွက် အကောင်းဆုံးနည်းလမ်းတွေက ဘာလဲ၊ ဘယ်လိုလဲ။

ဝန်ထမ်းအင်အားလျှော့ချမှုအစီအမံမှာ ဆုံးရှုံးနိုင်ချေအနည်းဆုံးနဲ့ လုပ်ငန်းအတွက် အကောင်းဆုံးနည်းလမ်းတွေက ဘာလဲ၊ ဘယ်လိုလဲ။

Disclaimer |This blog is written by a guest and his opinion is portrayed on the subject. This does not constitute Better HR’s position on the subject.

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် ကပ်ရောဂါအခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းအများစုဟာ ၎င်းတို့ရဲ့ ဝန်ထမ်းအင်အားနဲ့ လုပ်ငန်းအခြေအနေအရပ်ရပ်များ ကောင်းမွန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးကျဆင်းမှုနှင့် ဘဏ္ဍာရေးအခြေအနေများ စတဲ့အကြောင်းအရင်းတွေကို သေသေချာချာသုံးသပ်မှုများ ပြုလုပ်လာကြပါတယ်။  ဒီလိုမျိုးသုံးသပ်မှုတွေမှာ မိမိလုပ်ငန်းရဲ့ ဝန်ထမ်းအင်အားနဲ့ ဖွဲ့စည်းပုံကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းလာခြင်း  နှင့် အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အားလျှော့ချခြင်း ကဏ္ဍတွေသည် အဓိက အခန်းကဏ္ဍအနေဖြင့် ပါဝင်လာကြပါတယ်။

            ဒီလိုဆောင်ရွက်မှုမျိုးကို စတင်လုပ်ဆောင်ပြီဆိုတာနဲ့ အလုပ်ရှင်/ အလုပ်ရှင်ကိုယ်စားလှယ်များကဝန်ထမ်းအင်အားလျှော့ချခြင်းဆိုင်ရာလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သေချာစွာဆောင်ရွက်ဖို့ နဲ့ အလုပ်ရှင်များမှလည်း ဝန်ထမ်းလျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးနိုင်ချေများကို စီမံခန့်ခွဲမှု အထူးလိုအပ်လာပါတယ်။ ထို့အတူ ဝန်ထမ်းအင်အားလျှော့ချခြင်း ခံရတဲ့ ဝန်ထမ်းများအတွက် ဥပဒေပါ ခံစားခွင့်များကို သေချာစွာခံစားရရှိနိုင်ဖို့ ကိစ္စရပ်များသည်လည်းအရေးကြီးသော လုပ်ဆောင်ချက်များအဖြစ် ပါဝင်လာပါတယ်။

            ဒီဆောင်းပါးမှာကတော့ အလုပ်ရှင် နှင့် အလုပ်ရှင်ကိုယ်စားဆောင်ရွက်သူများအတွက် ဝန်ထမ်းအင်အားလျှော့ချခြင်းအစီအမံနှင့်သက်ဆိုင်တဲ့ လမ်းညွှန်ချက်ကောင်းတွေနဲ့ လုပ်ဆောင်နိုင်မှု နည်းလမ်းများကို ဦးစားပေးတင်ပြထားပါတယ်။

စီးပွားရေးဆိုင်ရာ ဉာဏ်ပညာ by Radius from Better HR
စီးပွားရေးဆိုင်ရာ ဉာဏ်ပညာ Chart

အလုပ်ရှင်/ အလုပ်ရှင်ကိုယ်စားလှယ်များ အတွက် အကြံပြုချက်

            အလုပ်ရှင်များအတွက် မိမိတို့၏ လုပ်ငန်းများကို ဆက်လက်အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်၊ လုပ်ငန်းစွမ်းဆောင်မှုများမြှင့်တင်နိုင်ရန်၊ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေများကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှုပြုနိုင်ရန်၊ ဥပဒေနှင့်အညီ ဝန်ထမ်းအင်အားလျှော့ချမှုအစီအစဉ်များကို လုပ်ဆောင်နိုင်ရန်အတွက် အောက်ဖော်ပြပါ လက်တွေ့ဆောင်ရွက်မှုနည်းလမ်းအဆင့် (၈) ဆင့်ဖြင့် အစီအစဉ်များချမှတ်၍ လုပ်ဆောင်နိုင်ပါတယ်။

၁)         ဝန်ထမ်းအင်အားလျှော့ချမည့်အစီအစဉ်နှင့် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုများကို ပြင်ဆင်ခြင်း

            ဝန်ထမ်းအင်အားလျှော့ချမည့် ဝန်ထမ်းများရွေးချယ်ရာတွင် ဝန်ထမ်း၏ လုပ်ငန်းခွင်အတွင်း အရေးပါမှုနှင့် လုပ်ကိုင်နိုင်စွမ်း၊ ယခင်မှ လုပ်ငန်းအတွက်စွမ်းဆောင်ပေးနိုင်ခဲ့မှု၊ ဝန်ထမ်းလုပ်သက်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာ မှတ်တမ်းများ၊ လစ်လပ်မည့်ဝန်ထမ်းနေရာတွင် ဆက်လက်အစားထိုးဆောင်ရွက်မည့် နည်းပညာ၊ 3rd Parties (Outsources) လုပ်ငန်းများသို့ အပ်နှံဆောင်ရွက်နိုင်မှု သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းရှိမည့်ဝန်ထမ်းသို့ တာဝန်ခွဲဝေချထားနိုင်မှု၊ လုပ်ငန်းပြန်လည်ကောင်းမွန်လာပါက အဆိုပါဝန်ထမ်းနေရာတွင် အလုပ်အကိုင်ပြန်လည်ခန့်အပ်နိုင်မှု၊ လျှော့ချမည့်ဝန်ထမ်းအရေအတွက်ကြောင့် လည်ပတ်နေသော လုပ်ငန်းအဆင်ပြေချောမွေ့စေရန်အတွက် စီမံဆောင်ရွက်နိုင်မှု စသည်တို့ကို ပြင်ဆင်ဆောင်ရွက်သင့်ပါသည်။

၂)         ဝန်ထမ်းအင်အားလျှော့ချခြင်းကြောင့် ပေးအပ်ရမည့်ငွေကြေးပမာဏနှင့် Cost Effectiveness ကို ပြန်လည်ဆန်းစစ်ခြင်း

            ဝန်အားအင်အားလျှော့ချခြင်းနှင့်ပတ်သက်သော ငွေကြေးပမာဏများကို သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်များအလိုက် ခွဲခြားတွက်ချက်၍ အနှစ်ချုပ်အစီရင်ခံစာပြုလုပ်လျက် သက်ဆိုင်ရာဘဏ္ဍာရေးမှ တာဝန်ရှိသူနှင့် သေချာစွာ တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။ ငွေစာရင်းအကြောင်းအရာများကို အောက်ပါကဏ္ဍများအလိုက်ခွဲခြားတွက်ချက်နိုင်ပါသည်။

  • အလုပ်မှရပ်စဲခံရသော ဝန်ထမ်းများနှင့်ပတ်သက်၍ ပေးအပ်ရမည့် နစ်နာကြေးပမာဏများ (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ)
  • လုပ်သက်ခွင့်ရထိုက်သည့် အလုပ်သမားများအတွက် ခံစားခွင့်ပြုရမည့် ခွင့်အရေအတွက်များနှင့် ပြန်လည်ခွင့်ခံစားပေးနိုင်မှု အစီအစဉ် သို့မဟုတ် လုပ်သက်ခွင့်အတွက် သက်ဆိုင်ရာ အခကြေးငွေပမာဏများ (ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ)
  • သက်ဆိုင်ရာဝန်ထမ်းများထံမှ နှုတ်ယူထားရှိခဲ့သော အခကြေးငွေများ နှင့် ပြန်လည်ပေးအပ်ရမည့် ငွေကြေးပမာဏ (ဥပမာ – ယူနီဖောင်းကြေးများ၊ စုဆောင်းငွေများ၊ လစာကြိုတင်ထုတ်ငွေ၊ ချေးငွေ၊ ကော်မရှင်ခများ၊ လုပ်သက်ဆုကြေးများ စသည်)
  • သက်ဆိုင်ရာအလုပ်သမားဥပဒေအရ နစ်နာကြေးခံစားခွင့်မရှိသော ဝန်ထမ်းများအတွက် ကုမ္ပဏီမှ လူမှုကရုဏာကြေး ထောက်ပံ့ပေးမှု သို့မဟုတ် ထောက်ပံ့ပေးမည့် ပစ္စည်းပစ္စယများ ရှိပါက အဆိုပါ ကုန်ကျစရိတ်များ

            သက်ဆိုင်ရာ အလုပ်သမားဥပဒေများနှင့်အညီ ပေးအပ်ရမည့် အလုပ်ရပ်နစ်နာကြေးနှင့် အခကြေးငွေများကို တွက်ချက်ရာတွင် မိမိတို့အနေဖြင့်ဝန်ထမ်းအင်အားလျှော့ချရန် ကနဦးရည်မှန်းထားသည့် ကာလကို မူတည်၍ တွက်ချက်ရန် လိုအပ်မည်ဖြစ်ပြီး အလုပ်ရှင်/ အလုပ်ရှင်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့လုပ်ငန်းမှ ဝန်ထမ်းအင်အားလျှေ့ာချလိုက်ခြင်းကြောင့် ကုန်ကျစရိတ်လျှော့ကျမှု၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာမှု နှင့် ဝန်ထမ်းစရိတ် မဟုတ်သော အခြားကုန်ကျစရိတ်များ လျော့ချမှုကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို သေချာစွာချိန်ထိုးစဉ်းစားသင့်ပါသည်။

၃)         ဝန်ထမ်းအင်အားလျှော့ချမည့် အစီအစဉ်နှင့် ကာလအပိုင်းအခြား သတ်မှတ်ခြင်း

            လုပ်ငန်းအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်မည့် ဝန်ထမ်းအရေအတွက်နှင့် ကာလကို ချိန်ဆ၍ ဝန်ထမ်းအင်အားလျှော့ချမည့်အစီအစဉ် သို့မဟုတ် ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ လျှော့ချမည့်အစီအစဉ်နှင့် ကာလအပိုင်းအခြား (ဥပမာ ဝန်ထမ်းအင်အားလျှော့ချမည့် ဝန်ထမ်းများအား တပြိုင်တည်းလျှော့ချမည် သို့မဟုတ် ဌာနအလိုက်/ အရေအတွက်အလိုက်/ လုပ်သက်အလိုက် စသည်) တို့ကို သတ်မှတ်ရန် လိုအပ်ပါသည်။ ထိုသို့သတ်မှတ်လိုက်သည့် ကာလကိုလိုက်၍ ဝန်ထမ်း၏ လုပ်သက်ပြောင်းလဲမှုရှိပါက ပေးအပ်ရမည့် နစ်နာကြေးနှုန်းထားများကို ပြန်လည်ပြင်ဆင်တွက်ချက်ရန် လိုအပ်ပါသည်။

၄)         ကုမ္ပဏီမှ ဝန်ထမ်းများသို့ ပေးအပ်ထားသည့် ကုမ္ပဏီပိုင်ပစ္စည်းများ စာရင်းများပြုစုခြင်း

            သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးသို့ ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရန်အတွက်ပေးအပ်ထားသည့် လုပ်ငန်းပိုင် ပစ္စည်းပစ္စယစာရင်းများ နှင့် စာရင်းရှင်းရန်ရှိ အခြေအနေများကို စနစ်တကျကြိုတင်၍ ပြုစုထားရှိရန် လိုအပ်ပါသည်။ ထိုသို့စာရင်းများကြိုတင်၍ ပြုစုထားခြင်းဖြင့် ကုမ္ပဏီနှင့် ဝန်ထမ်းတို့အကြား စာရင်းရှင်းလင်းရန် ကျန်ရှိမှုများ မရှိဘဲ ကုမ္ပဏီပိုင် ပစ္စည်းများ၊ စာရင်းများကို စနစ်တကျပြန်လည်ရယူဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၅)        ကုမ္ပဏီ၏ အရေးကြီးစာရွက်စာတမ်းများနှင့် စာရင်းဇယားများ၊ လျှို့ဝှက်ချက်များပေါက်ကြားမှုမရှိစေရန်နှင့် ဆုံးရှုံးမှုမရှိစေရန်အတွက် စီမံဆောင်ရွက်မည့် အစီအမံများ ချမှတ်ခြင်း

            ကုမ္ပဏီများတွင် လုပ်ငန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ပေးအပ်ထားသည့် Permission, Access, Data, Report များကို လုံခြုံစိတ်ချရမှုရှိစေရန် ဆောင်ရွက်ထားရှိမည့်အစီအစဉ်ကို ရေးဆွဲစီစဉ်ထားနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ ပြိုင်ဘက်လုပ်ငန်းများထံသို့ သတင်းပေါက်ကြားမှုများ မရှိစေခြင်း၊ လုပ်ငန်း၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားနိုင်ခြင်း စသည့်အချက်အလက်ပေါက်ကြားမှုနှင့် ပတ်သက်သည့် ဆုံးရှူံးနိုင်ချေများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ (ဥပမာ One Drive, Google Drive Access, Cloud Access, Server Access, Document Management Access, USB & DVD Drive Access များ စသည်)

၆)        အလုပ်မှရပ်စဲမည့်သတိပေးကာလ၊ အဆိုပါကာလအတွင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များသတ်မှတ်ခြင်း 

            ကြိုတင်သတိပေးကာလသတ်မှတ်ခြင်း၊ အလုပ်မှတာဝန်နောက်ဆုံးထမ်းဆောင်ရမည့် ရက်များအတည်ပြုသတ်မှတ်ခြင်း၊ အလုပ်သမားအား အလုပ်မှရပ်စဲသည့်အခါ ပေးအပ်ရမည့်အခကြေးငွေများကို အခကြေးငွေပေးချေရေးဥပဒေနှင့်အညီသတ်မှတ်ခြင်း၊ သတိပေးကာလအတွင်း လုပ်ငန်းလွှဲပြောင်းလက်ခံမှုနှင့် စာရင်းရှင်းလင်းမှုလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းခွဲဝေဆောင်ရွက်ရန်ရှိမှုအစီအစဉ် အကြောင်းအရာများ၊ ဝန်ထမ်းများမှ လုပ်သက်ထောက်ခံစာများ တောင်းမည်ဆိုပါက ထုတ်ပေးနိုင်ရန် စီစဉ်ပေးနိုင်မှုများ၊ မိမိတို့၏ ဝန်ထမ်းများအတွက် အလုပ်အကိုင်ရှာဖွေရေးအထောက်အကူပြုအစီအစဉ်များ စီမံလုပ်ဆောင်ပေးမည်ဆိုပါက အဆိုပါ အစီအစဉ်များ (ဥပမာ – CV/Resume Writing, Job Search Assistant, Career Coaching)၊ ဝန်ထမ်းအင်အားလျှော့ချခြင်းအတွက် သက်ဆိုင်ရာ အစိုးရရုံးများသို့အကြောင်းကြားမှု (အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ညှိနှိုင်းဖျန်ဖြေရေးရုံး)၊ Exit Interview ပြုလုပ်မည့်အစီအစဉ်များ စသည့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိသင့်ပါသည်။

၇)        သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းတာဝန်ခွဲဆောင်ရွက်မည့်ကိစ္စရပ်များကို စီစဉ်ခြင်း

            ဝန်ထမ်းအင်အားလျှော့ချမည့် ဝန်ထမ်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှုများကိုသတ်မှတ်ခြင်း၊ ပံ့ပိုးကူညီဆောင်ရွက်ရမည့် ကိစ္စရပ်များကို ကြိုတင်သတ်မှတ်ထားခြင်းတို့ကို ပြုလုပ်ထားရှိသင့်ပါသည်။ ထို့အပြင် ဝန်ထမ်းအင်အားလျှော့ချခံရသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ ကုမ္ပဏီမှ လုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်လာပါက လုပ်ငန်းကျွမ်းကျင်မှုရှိ၍ လုပ်ရည်ကိုင်ရည်ကောင်းမွန်သည့်ဝန်ထမ်းများ၊ လုပ်ငန်းလိုအပ်ချက်အရ ပြန်လည်ခေါ်ယူခန့်ထားနိုင်မည့် အလုပ်အကိုင်များ စသည်တို့ကို သက်ဆိုင်ရာဌာနမှုးများနှင့်လည်းတိုင်ပင်ဆွေးနွေးဆောင်ရွက်သင့်ပါသည်။ သို့မှသာ ဝန်ထမ်းပြန်လည်လိုအပ် လာပါက လုပ်ငန်းကျွမ်းကျင်မှုရှိသည့် ဝန်ထမ်းများ အချိန်မီပြန်လည်ခန့်အပ်နိုင်မှု၊ မိမိတို့၏ ဝန်ထမ်းဟောင်းများ အပေါ် အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ဖန်တီးပေးနိုင်မှုနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိသည့် သူများ ဖြစ်သည့်အလျောက် လုပ်ငန်းကို အရှိန်မပြတ်လည်ပတ်ဆောင်ရွက်စေနိုင်သည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

၈)        ဝန်ထမ်းများသို့ အသိပေးအကြောင်းကြားခြင်း၊ ဝန်ထမ်းလျှော့ချမှုအစီအစဉ်တလျှောက်မှတ်တမ်းများကို ရယူခြင်းနှင့် ထိန်းသိမ်းခြင်း

            ဝန်ထမ်းများသို့ အသိပေးအကြောင်းကြားခြင်းစာရေးသားရာတွင် အထူးဂရုပြုရေးသားရန်လိုအပ်ပါသည်။ စကားလုံးအသုံးအနှုန်းရွေးချယ်ရာတွင် သနားကြင်နာမှုနှင့် စာနာမှုကို ဖော်ပြသော စကားလုံးများကို ရွေးချယ်သင့်ပြီး အကြောင်းအရာပါ စာသားများသည် တည်ဆဲဥပဒေနှင့် ညီညွတ်ရန်လိုအပ်ပါသည်။

            ဝန်ထမ်းအင်အားလျှော့ချသည့် အသိပေးအကြောင်းကြားစာတွင် နိဒါန်း၊ ဝန်ထမ်းအင်အားလျှော့ချရသည့်အကြောင်းပြချက်များ၊ ဥပဒေနှင့်အညီ ခံစားခွင့်များကို ဝန်ထမ်းများသို့ ပေးအပ်မည့်အကြောင်းအရာ၊ အလုပ်သမားဥပဒေအရ ကြိုတင်အကြောင်းကြားသည့်ရက် စတင်သည့်နေ့နှင့် နောက်ဆုံးတာဝန်ထမ်းဆောင်ရမည့်ရက်၊ နောက်ဆုံးထုတ်လုပ်ခလစာနှင့် ခံစားခွင့်များကို ထုတ်ပေးမည့်ရက်၊ ဝန်ထမ်းအင်အားစာရင်း (အလုပ်စတင်ဝင်ရောက်သည့်နေ့ဖော်ပြရန်)၊ အလုပ်တာဝန်လွှဲပြောင်းမှုနှင့် ကုမ္ပဏီပိုင် ပစ္စည်းများ ထုတ်ပေးထားမှုများကို ပြန်လည်အပ်နှံရမည့်အကြောင်း သတိပေးဖော်ပြချက် (Duty Handover နှင့် Employee Clearance များကို ကုမ္ပဏီမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဟုလည်းဖော်ပြရည်ညွှန်းနိုင်/ လိုအပ်ပါက)၊ ဝန်ထမ်းများသိရှိလိုသည်များမေးမြန်းရန်နိုင်ပါက ဆက်သွယ်ညွှန်ကြား/လမ်းညွှန်မှုများ/ဖြေဆိုမှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်ရမည့်သူနှင့် ဆက်သွယ်ရန် အချက်အလက် တို့ကို ဖော်ပြရေးသားရန် လိုအပ်ပါသည်။ ထိုသို့စနစ်တကျ ရုံးစာကိုထုတ်ပြန်သဖြင့် မလိုလားအပ်သောအငြင်းပွားမှုများနှင့် စနစ်တကျ ဝန်ထမ်းအင်အားလျှော့ချခြင်း စီမံဆောင်ရွက်မှုအစီအစဉ်ကို လစ်ဟင်းမှုမရှိစေရန် စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

            ဝန်ထမ်းလျှော့ချမှုအစီအစဉ်တလျှောက်တွင် သက်ဆိုင်ရာတာဝန်ရှိဌာန သို့မဟုတ် စီမံဆောင်ရွက်သူမှ ဝန်ထမ်းအင်အားလျှော့ချခြင်းနှင့်ပတ်သက်သော အစည်းအဝေးမှတ်တမ်းများ၊ e-mailမှတ်တမ်းနှင့် စာရွက်စာတမ်းများကို သေချာစွာထိန်းသိမ်းစောင့်ရှောက်ထားရှိရန်နှင့် လိုအပ်သည့် လုံခြုံရေးအခြေအနေအရ လျှို့ဝှက်ထားရှိရ    မည့် အကြောင်းအရာများ၊ စာရွက်စာတမ်းများကို သေချာစွာထိန်းသိမ်းထားရှိရန် လိုအပ်ပါသည်။

            ဝန်ထမ်းလျှော့ချခြင်းအစီအစဉ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အင်အားလျှော့ချခြင်းခံရမည့် ဝန်ထမ်းများရွေးချယ်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဘက်လိုက်မှု၊ မျှတမှုများ မရှိဘဲ ပြုလုပ်မှုများမရှိစေရန် သေချာစွာ စီမံဆောင်ရွက်သင့်ပါသည်။

            နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါ ဝန်ထမ်းအင်အားလျှော့ချခြင်းအကြောင်းအရာ စီမံဆောင်ရွက်များကို စနစ်တကျသိရှိကိုးကားနိုင်ခြင်းဖြင့် ကုမ္ပဏီ/ လုပ်ငန်းအဖွဲ့အစည်းများ၏ ဂုဏ်သတင်းကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း၊ လုပ်ထုံးလုပ်နည်းများမှားယွင်းမှုနှင့် တရားဥပဒေကြောင်းဆိုင်ရာအကြောင်းအရာများကို မသိရှိ/မလိုက်နာမိခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဥပဒေကြောင်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခံရမှုများမှ ရှောင်လွှဲနိုင်ခြင်း၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုများ မဖြစ်ပေါ်စေခြင်း၊ အလုပ်သမားများသည် ဥပဒေအရ ခံစားခွင့်ရှိ   သည့် ခံစားခွင့်များကို ခံစားရရှိနိုင်ခြင်း၊ ဝန်ထမ်းအင်အားလျှော့ချမှုများကြောင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုနှင့် အရှိန်ကိုမထိခိုက်ဘဲ ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြင့် လုပ်ငန်းကို စီမံခန့်ခွဲနိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန် ရေးသားဖော်ပြအပ်ပါသည်။


Written by
Aung Khaing
Freelance Copywriter from
Aung Khaing, who has 9 years of accomplished experience in Human Resources, possesses an impressive track record in large organizations spanning diverse industries. His expertise encompasses a broad range of HR functions, including workplace safety and health, legal compliance, and HR analytics, which he has honed through his progressive experiences in both foreign and local companies. Furthermore, he is proficient in B Corp Certification, United Nations Global Compact, and ISO 9001:2015 Quality Management System, attesting to his extensive knowledge and hands-on experience in the field.

Upgrade Your Workforce Management Now! Try Better HR